International News

ရုရှားနိုင်ငံသည် စိုက်ပျိုးရေးနှစ်သစ်တွင် ဂျုံတန်ချိန် သန်း ၆၀ ခန့်တင်ပို့နိုင်

Last Updated:

ရုရှားနိုင်ငံသည် စိုက်ပျိုးရေးနှစ်သစ်(၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်ထိ)တွင် ဂျုံတင်ပို့မှုပမာဏမှာ တန်ချိန်သန်း ၆၀ ခန့်ရှိနိုင်ကြောင်း ရုရှားနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် Victoria Abramchenko က TASS သတင်းဌာနနှင့်အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

ရုရှားစိုက်ပျိုးရေးဝန်ကြီး Dmitry Patrushev က စိုက်ပျိုးရေးနှစ်သစ်တွင် ရုရှားနိုင်ငံသည် ဂျုံတန်ချိန်သန်း ၅၀ မှ ၅၅ အထိ တင်ပို့နိုင်ပြီး ယခုနှစ်တွင်လည်း တန်ချိန်သန်း ၅၅ ကျော် တင်ပို့နိုင်ကြောင်း အစောပိုင်းတွင် ပြောကြားခဲ့သည်။ ၂၀၂၁-၂၀၂၂ စိုက်ပျိုးရေးနှစ်တွင် ရုရှားနိုင်ငံသည် ဂျုံတန်ချိန် ၃၈.၁ သန်းတင်ပို့မှုရှိခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဒုတိယဝန်ကြီးချုပ်က ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများကြောင့် ရုရှားပို့ကုန်လုပ်ငန်းရှင်များသည် အခက်အခဲအချို့ကို ရင်ဆိုင်နေကြောင်း ထောက်ပြခဲ့သည်။ ၎င်းတို့မှာ အပြန်အလှန်ငွေပေးချေမှု၊ ထောက်ပံ့ပို့ဆောင်ရေး၊ သင်္ဘောများ၏အာမခံတို့နှင့် သက်ဆိုင်သည်။ ရလဒ်အနေဖြင့် ပို့ကုန်လုပ်ငန်းရှင်များသည် အခြားစျေးကွက်များဖြစ်သည့် ကမ္ဘာ့တောင်ပိုင်း၊ လက်တင်အမေရိက၊ အာဖရိကသို့ ပြောင်းရွှေ့သွားကြသည်။ ၂၀၁၃ ခုနှစ်တွင် ရုရှား၏လယ်ယာထွက်ကုန်တင်ပို့မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၆.၃ ဘီလီယံရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၁.၅ ဘီလီယံအထိ ရှိခဲ့သည်။

လူဦးရေတိုးလာသဖြင့် ပို့ကုန်အတွက် ခန့်မှန်းချက်ကောင်းများရှိကြောင်း၊ ရာသီဥတုဖောက်ပြန်မှု၊ မြေဆီလွှာပျက်စီးမှု၊ ရေချိုပြတ်လပ်မှုတို့ကြောင့် စိုက်ပျိုးရေးအတွက် အဆင်မပြေသည့်ဒေသများရှိကြောင်း၊ ထို့ကြောင့် ရုရှားနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာထောက်ပံ့ပေးသည့်နိုင်ငံဖြစ်လာရန် အခွင့်အလမ်းများရှိကြောင်း၊ လက်ရှိတွင် ရုရှားသည် ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာထောက်ပံ့ရေးစာရင်းတွင် အဆင့် ၁၈ နေရာ၌ ရပ်တည်လျက်ရှိပြီး ရည်မှန်းချက်မှာ ၂၀၃၀ ခုနှစ်တွင် ထိပ်ဆုံး ၁၀ နေရာသို့ ရောက်ရှိရန်ဖြစ်ကြောင်း Victoria Abramchenko က အလေးပေးပြောကြားခဲ့ပါသည်။

Source : https://tass.ru/ekonomika/18029483?ysclid=liyw3g2vjq980904924

(စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News